ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 3, 2012

တစ်တီတူးတကောင်ရဲ့ကယောင်ကတမ်းအိပ်မက်များ( အပိုင်း-၂-)

by Htay Tint on Wednesday, April 4, 2012 at 8:52am ·


စာတွေများများရေးကြတာကောင်းတယ်ဗျာ။
စကားထဲမှာ စရိုက်တွေ တွေ့လာကြတယ်။
အစ တွေ အများကြီး ထွက်လာတယ်။
မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို ချည်းကပ်ကြတဲ့အခါ၊
ယဉ်ကျေးပြီး ပညာတတ်တဲ့သူတွေက ဒီလို ရိုင်းစိုင်းယုတ်မာမှုဟာ မဖြစ်သင့်ဘူး။
မိသားစုတွေနဲ့အတူ ဝမ်းနည်းရပါတယ် ၊
ပူးပေါင်းပါဝင်သွားပါမယ် လို့ တောင်းပန်ကြတယ်။

အနာဂတ်နိုင်ငံရေးကို ဆက်သွားချင်တဲ့သူတွေကလည်း
သူတို့မှာ တာဝန်မရှိကြောင်း ရှောင်ထွက်ဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ တောကျီးကန်းတချို့ကတော့ ရီရတယ်။

မီးပွိုင့်မရှိတဲ့ ရွာစွန်ရွာဖျားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူတွေ
ရန်ကုန်မြို့လည်ခေါင်ကို ရောက်သွားသလိုမျိုး။
ပျာယာခပ်နေတယ်။ လမ်းမကူးတတ်၊ ကားလာရင် တိုက်မယ်ထင်လို့ အော်ဟစ်နေရ။

တကယ်တော့  ဘယ်နေရာမှာ မွေးမွေး ပြည်သူက ပြည်သူပါပဲ။
ကံ အမျိုးမျိုးကြောင့် နေရာကွဲပြီး လူဖြစ်လာရကြတာမို့လား။
ဒါပေမဲ့  တချို့တောကျီးကန်းလေးတွေက
သေးသိမ်ကျဉ်းမြောင်းတဲ့ အယူအဆတွေထဲမှာ
နစ်မြှုပ်နေဆဲဆိုတာ သတိထားမိတယ်။

သူတို့က ကံကောင်းလို့ တတိယနိုင်ငံတွေကို ရောက်ကြပေမဲ့ အခုထက်ထိ
သူတို့ရဲ့မသိစိတ်မှာ သိမ်ငယ်မှုတွေရှိနေတယ်။
သူတို့ရဲ့ အရည်အချင်းကိုလည်း ကိုယ့်ဘာသာမယုံရဲသူတွေဖြစ်နေတယ်။

ဆယ့်နှစ်မျိုးဈေးသည်ဘဝနဲ့ တော်လှန်ရေးအော်ရင်း
ထောက်လှမ်းရေး ကြောက်ရောဂါကို သစ္ဆေရုပ်ရှင်ကားတခုကြည့်နေသလို
ရင်တလျှပ်လျှပ် ခံစားနေကြရရှာတယ်။
တစ်တီးတူးတကောင်ရဲ့ ကယောင်ကတမ်းများ အိပ်မက်တွေ တဲ့လေ----   

ဒုတိယပိုင်းကို သီချင်းလေးနဲ့ စကြည့်မယ်။
ဘိုင်စကုတ်ကြည့်တော့ x x x x 
လူကြမ်း ကိုအံ့ကျော်ကို x x x x 
အလွန်တရာနှစ်သက်ခဲ့မိတယ်
ငါ့နံဘေးနားက ချစ်သူလေးကတောင် x x x x
တဖြည်းဖြည်းထိတ်လန့်လာကာ x x x x 
ကြင်နာတတ်တဲ့တယောက်ကို ရှာ
ဆရာစောဘွဲ့မှူးရေးခဲ့တဲ့ သီချင်းတွေထဲက
“ မှားတဲ့ဘက်မှာ” ဆိုတဲ့ သီချင်းလေးကို
လူငယ်တော်တော်များများ ရင်းနှီးခဲ့ကြပါတယ်။

သီချင်းဆိုတာကတော့ သံစဉ်ကောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊
စိတ်ကူးဆန်းလေးတွေနဲ့ ဖွဲ့သီထားတဲ့အခါမှာပဲဖြစ်ဖြစ် နှစ်နှစ်ကြိုက်ကြိုက်ဆိုလို့ရပါတယ်။
လက်တွေ့ဘဝဆိုတာကတော့ အဲ့သလိုမျိုးမဟုတ်ဘူးလေ။
တကယ်လို့ ခင်ဗျားဟာ လူကြမ်းတွေ၊ ယုတ်မာကောက်ကျစ်တဲ့သူတွေကို
လေးစားကြိုက်နှစ်သက်နေတယ် ဆိုရင်တော့ 
ခင်ဗျားမှာ စိတ်ရောဂါတခုခုရှိလို့ဖြစ်မယ်။
( ဒါမှမဟုတ်) ဥာဏ်ရည်ဥာဏ်သွေး မမှီရှာလွန်း တဲ့ လူတယောက်လိမ့်မယ်။

ဖရိုဖရဲများ (၁)
“ မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊
လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊
ဝါဒဖြန့်ချီရေးအနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊
စစ်ချီတဲ့ အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင်
ရဲဘော်ရဲမေတွေကို တက်ကြွ မှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်”
( ခင်ရွှေလှိုင်ရဲ့ဆောင်းပါး- အပိုင်း -၂-မှ )

“အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့
ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။
ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊
ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ
အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ
လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း
“ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်”
ဆိုတဲ့ သင်္ကေတကို ညွှန်ပြနေပါ တယ်။”        
 ( ခင်ရွှေလှိုင် ရဲ့ဆောင်းပါး- အပိုင်း-၁- မှ)

ဘုရားရေ- ဗကပ ရဲ့ မိုင်းယမ်းတိုက်ပွဲထက်တောင်
ကြီးကျယ်ခဲ့တဲ့စစ်ပွဲတွေ ငါတို့ဘာလို့မသိခဲ့ပါလိမ့်။
ဒီလောက် ထူးချွန်ထက်မြက် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ၊
ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ထက် တိုက်စစ်ဆင်နိုင်တဲ့ ၊
ကျောင်းသားတပ်မတော်မြောက်ပိုင်းကြီးရဲ့ စစ်ရုံးကြီးထဲကနေ
ဘယ်သူတွေက စာရွက်စာတမ်းတွေ၊
မှတ်တမ်းတွေ၊ ဗွီဒီယိုခွေတွေ ကို ခိုးထုတ်သွားတာလဲ။
စိတ်ဝင်စားစရာကောင်းလိုက်တာ။
အင်း ဘောလုံးစကားနဲ့ပြောရရင်၊
တိုက်စစ်ကောင်းပြီး ခံစစ်မကောင်းတာ နေမှာပေါ့လေ။

တကယ်ဆို ဘယ်တိုက်ပွဲမှာ
ရန်သူ့လက်နက် ဘယ်နှစ်လက်သိမ်းပိုက်မိ၊ ဘယ်ကာလမှာ
အဖွဲ့အစည်းရဲ့စာရွက်စာတမ်းတွေ ခိုးထုတ်ခြင်းခံရမိ စတဲ့အရာတွေကို သုတေသနလုပ်ပြသင့်တာပေါ့။
 ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ အုပ်စုတွေထဲမှာ
စစ်ထောက်လှမ်းရေးတွေ ပါနိုင်တယ် လို့ တဘက်က စွပ်စွဲသလို၊
ကျန်ရစ်ခဲ့တဲ့ ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေ ထဲမှာလည်း ရှိနိုင်တာပါပဲ လို့ စဉ်းစားနေတဲ့သူတွေရှိတယ်။

လှဆိုင်း လား။
ရော်နယ်အောင်နိုင်လား။
သံချောင်းလား။
သန်းဇော်  နဲ့ ဇော်ဇော်မင်းလား။
အလင်းဝင်ခဲ့ဘူးတဲ့ “မဒမ်သံခဲ” လား။
ဒါမှမဟုတ် မဒမ်သံခဲရဲ့ စွပ်စွဲချက်အရ၊ စာအုပ်ထုတ်မဲ့ ကိုမောင်မောင် ( ကော့ကရိတ်) လား။
လဘက်ရည်ဆိုင်ထဲမှာ အီကြာကွေးကြော်နေတဲ့ ယူဆွတ် လား ။
နယ်စပ်မှာ ကာရာအိုကေဆိုင်ဖွင့် အရက်ရောင်းနေတဲ့ သူတယောက် လား။

ဒါဆိုလည်း ပြည်တွင်းကို ထွက်ပြေးသွားသူတွေက
ဖေဖေါ်ဝါရီ (၁၂) ရက်ထုတ် စာမှာ တရားဝင် ရှင်းကြဖို့အတွက်  စိန်ခေါ်ထားတာပဲ။
သက်သေခံ ပစ္စည်းတွေ ရှိပါတယ် ဆိုသူတွေကလည်း
စိန်ခေါ်ရင် တိမ်ပေါ်လိုက်ဖို့ ကောင်းတာပေါ့။
ဘာလို့ အချိန်ကုန်ခံနေတာလဲ။
ကဲ လောလောဆည် ရှိထားတဲ့ Statistics အရ၊
အချက်အလက်တွေပေါ်မှာ စဉ်းစားကြည့်ရအောင်။  
အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့
ဗန်းမော်ရင်းမှာပဲခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။
“သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊

သူပုန်တွေဆိုတာ လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့
အဲဒီတပ်သားဟာ တောထဲမှာ သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို
တွေ့လိုက်တော့ အတော်လေးအံ့သြသွားခဲ့တယ်။” ( ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး -၂ - မှ)

ဒါဖြင့် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်
ခေါင်းဖြတ်သတ်ခံမှုတွေဆိုတာ ဝါဒဖြန့်ခံရမှုတွေလို့ဆိုလိုချင်တာလား။
ကာကကံရှင်တွေ ပြောဆိုနေကြတာတွေဟာ မမှန်ဘူး လို့ ဆိုလိုချင်တာလား။
စစ်သားလေးတယောက်ကို ပိုက်ဆံပေး အိမ်ပြန်လွှတ်ခဲ့တယ် ဆိုရင်၊
ဘာလို့ ဒီမိုကရေစီရေးလုပ်တဲ့ ကျောင်းသားတွေကိုကျတော့ ခေါင်းဖြတ်သတ်ခဲ့တာလဲ။

ဆောင်းပါး (၄) မှာကျ ကျောင်းသား (၁၅) ယောက်ကို
ခေါင်းဖြတ်သတ်တဲ့ညကို သွားကြည့်ခဲ့တယ် လို့ ဝန်ခံထားပြန်ရော။
မခက်ပေဘူးလား။ ဆောင်းပါးရေးမယ်ဆိုရင်၊
အရင်ဆောင်းပါးတုံးက ဘာရေးခဲ့တယ် ဆိုတာတွေကိုလည်း မှတ်မိစေချင်ပါတယ်။

 ဖရိုဖရဲများ (၂) 
“ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်မချပေးခဲ့ဘူး။
အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အ စောင့်ချထားတယ်ဆိုတာလည်း
ကျမ မသိဘူး။ ဆေးနဲ့ပတ်သက်တဲ့တာဝန်ကိုတော့
ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့
ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။
အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ဆေးခဲ့သူကေ
ဆးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။
စစ်ခဲ့တာကိုပဲပြောပြီး ဘယ်သူစစ်တာလဲ ထည့်မပြောတော့
လုပ်ခဲ့သူတွေကပဲ တဏှာရူးလို့ လုပ်ခဲ့သလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ”

ဖြစ်မှဖြစ်ရလေ ခင်ရွှေလှိုင်ရယ်။
အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အစောင့်ချထားမှန်းလဲမသိ၊
အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်ချပေးခြင်းမခံရပဲနဲ့
ယုတ်မာရက်စက်တဲ့ စစ်ကြောရေးကာလတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
ကျူးလွန်ခဲ့သူတွေက သူတို့ရက်ရက်စက်စက်လုပ်ခဲ့တဲ့ အရာတွေကို
အရက်မူးလာတဲ့အခါတိုင်း ထုတ်ဖေါ်ဝန်ခံခဲ့ကြသလို၊
ပြည်တွင်းက အကျဉ်းထောင်တွေထဲမှာလည်း
ဖြောင့်ချက်ပေးပြီးသားတွေ ရှိနေပါတယ် ။
နှိပ်စက်ခံခဲ့ရတဲ့သူတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို ပြောနေကြပါတယ်။

စစ်ကြောရေးခေါင်းဆောင် လှဆိုင်းနဲ့ ရက်စက်ကြမ်းတမ်းသူတွေ ကို
ကာကွယ်နေတော့၊ မိုးကြိုးပစ်တာကို ထန်းလျှက်နဲ့ကာနေတဲ့ အရူးမ လို ဖြစ်မနေဘူးလား။
မိန်းကလေး အင်္ဂါတွေကို ရှာဖွေစစ်ဆေးစဉ်မှာ
တလျှောက်လုံးရပ်ကြည့်နေသူက စစ်ကြောရေးအဖွဲ့ခေါင်းဆောင် “ သန်းဇော်” တယောက်လည်း ရှိနေပါတယ် ။
မျက်မြင်သက်သေတွေ၊ ကာယကံရှင်တွေဆီက ဖြောင့်ချက်တွေရထားပြီးသားပါ။
( ကာယကံရှင်တွေက မကြာခင်မှာ  ပြန်ပြီးတုန့်ပြန်ကြပါလိမ့်မယ်)

ဖရိုဖရဲများ (၃)
“မျက်လွှာလေးတွေချပြီး ငုတ်တုတ်လေးတွေ ထိုင်နေ သူ သုံးယောက်က
ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း၊ မျက်လုံးချင်းစုံကြည့်မိရင်
ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။
တချက်မှ ကျမကို မကြည့်ကြဘူး။”
“နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ
“ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင်
ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။”

အထက်ပါ စာကြောင်းနှစ်ကြောင်းကို ဖတ်ကြည့်ပြီး
လုပ်ရပ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်  ခင်ရွှေလှိုင် မှာ ရဲဘော်ရဲဘက်စိတ်ရှိသလား။
တကိုယ်ကောင်းဆန်ပြီး ၊ သူများတွေရဲ့ နှလုံးလှမှုကို
တန်ဘိုးမထားခဲ့တာ ထင်ရှားပေါ်လွင်နေပါတယ်။  

ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အဖမ်းခံရရင်
ကျမကို မဖမ်းလည်း ကျမ လာအဖမ်းခံမယ် လို့ ပြောခဲ့တဲ့သူ၊
ခင်ရွှေလှိုင် ဒုက္ခရောက်မှာ စိုးလို့ ခင်ချိုဦး၊ရဲဘော်ရန်အောင် တို့က
မျက်လုံးချင်းဆိုင်ပြီး မကြည့်မိအောင်ကြိုးစားခဲ့တဲ့ ရဲဘော်တွေ၊
ဒါပေမဲ့ ရဲရဲနီ ခင်ရွှေလှိုင်က
“ သိချင်စိတ်” တခုတည်း နဲ့ ခေါင်းဖြတ်သတ်မဲ့နေရာကို အရောက်သွားပြီး ကြည့်ခဲ့သတဲ့။ 

 ( သူမ ကြွေးကြော်ခဲ့သလို သွားအဖမ်းမခံခဲ့ပါ။
သူမ ဒုက္ခရောက်မှာကို စိုးရိမ်နေတဲ့သူတွေအပေါ် ကျေးဇူးတင် စကားတခွန်းမဆိုခဲ့ပါ။ )

ကိုယ့်အပေါ်ကောင်းခဲ့တဲ့သူတွေရဲ့ နောက်ဆုံးအချိန်တွေကို
ဘယ်လိုနှလုံးသား နဲ့ ကြည့်ခဲ့ပါသလဲ။
စိတ်မကောင်းလိုက်တာ ဆိုတဲ့စကားတောင် တခွန်းမှ မဆိုပဲ၊
မြို့ကြီးသား လူလည်များ ကြောင့် တောသားတွေ လူသတ်သမားဖြစ်ခဲ့ရပါတယ် ဆိုတဲ့
ကောက်ချက်ကို ကြားမိတော့ ၊

“ အကိုရယ် ကျမက မယ်သီလရှင် လူထွက်လေးပါ။
ငတ်လွန်းလို့ ကျမ ဒီဘဝ ရောက်ရတာပါ၊
ခေတ်ကြီးက မကောင်းလို့ပါ။
ကျမ ဝါသနာပါလို့ မဟုတ်ပါဘူးရှင် ” ဆိုတဲ့
ညငှက်တယောက်ရဲ့ ဆင်ခြေကို သွားသတိယမိပါရဲ့။

ဒီလိုနဲ့ ရှေ့တန်းတွေ နောက်တန်းတွေမှာ မနားတမ်းတိုက်ပွဲဝင်ခဲ့ပါတယ် ဆိုတဲ့
ရဲနီ ခင်ရွှေလှိုင် တယောက် ကြွေးကြော်သံတွေ မှောက်ပြီး အလင်းဝင်သွားခဲ့ပါတယ်။

ဖရိုဖရဲများ (၄)
“တန်းစီနေရာကနေ တယောက်စီ နေရာတွေချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ
ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်”
“သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင်
“ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။
ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော် တွေကြားမှာ
သံသယလေးတစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။”  ( ဆောင်းပါး -၅- မှ)  

ကဲ အထက်ပါ စာကြောင်းနှစ်ကြောင်းကိုသာ နှိုင်းယှဉ်ဖတ်ကြည့်ပါလေ။
အရူးလင်လုပ်ရသလို ဆိုတာ ဒါမျိုးနေမှာပါ။
ကိုထွန်းအောင်ကျော်ရဲ့ “မှားမယ်နော်” ဆိုတဲ့စကားတခွန်းရဲ့အဓိပ္ပါယ်ကို
ခင်ရွှေလှိုင်တယောက် ကောင်းကောင်းနားလည်  နိုင်စွမ်းရှိပါရဲ့လား။

ဒါပေမဲ့ ဟော့ဒီစာကြောင်းမှာတော့ ဖြတ်ကနဲ ဝန်ခံသွားပြန်တယ်။
“ကိုအောင်နိုင် က “လောလောဆယ်တော့
မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။
ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။
ဟုတ်တယ်လို့ ဖြေမှာပဲ။
မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့”
ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။ ( ဆောင်းပါး- ၄-)

လူယုံကယ်မှ ထောင်လုံးလုံးကျ ဆိုတာ ဒါမျိုးပေါ့။
 ရော်နယ်အောင်နိုင်ရေ- လွတ်အောင်သာပြေးပေတော့။
ကျမဘာဆက်ပြောစရာကျန်သေးလဲ ဆိုသည့် ခင်ရွှေလှိုင်က ဆက်ပြီး ဝန်ခံပြန်တယ်။
“တကယ်လုပ် တော့မယ့် အချိန်မှာတော့
ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကိုပြန်ခိုင်းခဲ့သလို
ကျမကိုယ်တိုင်လည်း လက် တွေ့ကျ ကြည့်နိုင်တဲ့အားမရှိတာမို့ ပြန်ဆင်းလာခဲ့…”

ခေါင်းဖြတ်သတ်ခံရသူတွေရဲ့နောက်ဆုံးအခြေအနေကို မမြင်တွေ့ခဲ့ရပါပဲနဲ့
ကိုယ်တုံးလုံးချွတ်မသတ်ပါဘူး လို့ တွင်တွင် ငြင်းနေရှာသူ၊
ကိုချိုကြီး၊ ကိုကျော်ဝေ နဲ့ ခင်ချိုဦး တို့ရဲ့ စကားသံတွေ၊
မျိုးဝင်းရဲ့ “ ထွန်းအောင်ကျော် အခုမင်း ဘာတတ်နိုင်သေးလဲ ဆိုတဲ့
တီတိုးစကားတွေ ကို မျက်မြင်သက်သေတွေက ပြောဆိုနေချိန်မှာ၊

ဒီအဖြစ်အပျက်တွေကို မမြင်ခဲ့တဲ့ ခင်ရွှေလှိုင်တယောက်ကတော့၊
ကမ္ဘာဦးမှာ ပလာတူးငါးတွေ နွံနစ်နေသလိုမျိုး၊ု လူးလွန့် ငြင်းဆန်နေရှာတယ်။
အကြောင်းတော့ ရှိလိမ့်မယ်။

ဖရိုဖရဲများ (၅)
“ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကိုသူသတိထား မိပြီး
“မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ” လို့ ပြောပြီး ဆေးခန်းထဲက ထွက်သွားတယ်။”
 “ကိုသံချောင်းဆီ သွားခွင့်တောင်းတုန်းက သူက ကျမသွားမှာကို စိတ်မကောင်းဖြစ်ပြီး
“ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။
ကိုသံချောင်းဆိုတဲ့လူက အဲဒီလိုလူမျိုး။”
 အော်- ကိုသံချောင်း ကိုသံချောင်း ---
လူတွေကို ခေါင်းဖြတ်သတ်ပေမဲ့
ဒီလို ယုံကြည်ရမဲ့ ကောင်မလေးကို
သံယောဇဉ်အငွေ့အသက်လေးတွေနဲ့ ပြောတတ်ရှာသားပဲ။

အဆိုတော် “မိုင်” ဆိုနေကျ သီချင်းတပုဒ်ကိုသာ သတိယနေမိရဲ့။
မလွမ်းပိုလေ x x x x
ဆောင်းနှင်းပွင့်လေးတွေကို မြင်တိုင်း
x x x x  အကို့ကို သတိယလို့ ငိုနေရတယ်ပေါ့။
ဆက်လက်တင်ပြသွားပါအုံးမယ်

From: aung_m_win@yahoo.com
Date: Tue, 3 Apr 2012 23:01:38 -0700
Subject: [burmatoday] တစ်တီတူးတကောင်ရဲ့ကယောင်ကတမ်းအိပ်မက်များ( အပိုင်း-၂-)


No comments:

Post a Comment